ဒီအချိန်ဟာ ရာသီဥတုအရမ်းအေးလွန်းတဲ့အချိန်လေးပါ။ ဘယ်လောက်တောင် အေးသလဲဆိုရင် မနက်ကိုးနာရီတောင်ထိုးနေပြီ နေရောက်ခြည်ကို မြင်ခွင့်မရသေး။ နှင်းတွေ၊ မြူတွေ၊ တိမ်ခိုးတွေ အုံ့ဆိုင်းလို့ပေါ့။ လမ်းသွားရင်တောင် တစ်ယောက်နဲ့တစ်ယောက် လှမ်းမမြင်ရတဲ့အခြေအနေပါ။ ကြားလိုက်ရတဲ့ အသံတစ်ခုက “ဗုံ” ကလေးကို မနားတမ်းတီးပြီး ပေတစ်ရာပေါ်သွားနေကြတဲ့ လူအုပ်စုတစ်စုရဲ့ အသံလေးတွေပေါ့။ အဲ့ဒါဘာလုပ်ကြတာလဲ ဘာသံတွေလည်းလို့ မသိလို့မေးကြည့်တော့ အသုဘလိုက်ပို့ကြတဲ့အသံတွေတဲ့။ ရောက်စဆိုတော့ မသိဘူးလေဗျာ။ ကိုယ့်နိုင်ငံလိုမျိုးပဲ ထင်မိတာပေါ့။ ကြားကြားချင်းတော့ အံ့သြမိပါသေးတယ်။ ဟုတ်တာပဲလေ။ သူတို့တစ်တွေနေတာ၊ ထိုင်တာ သွားတာ၊ လာတာတွေက တော်တော်များများ ဖြစ်ကတတ်ဆန်းနိုင်ကြသကိုး။ အဲ့ဒါကြောင့်လည်း အခုလိုဆောင်းရာသီမျိုးမှာ ရာသီဥတုဒဏ်ကိုအံတုပြီးနေထိုင်တဲ့သူတွေ သေကြသူများကြတာကိုးလို့ ကောက်ချက်ချမိပါတယ်။ လူတိုင်းတော့မဟုတ်ဘူး အရမ်းဆင်းရဲလူတွေက အများစုပါ။ ဇာတ်အနေနဲ့ ပြောရရင်တော့ ဇာတ်နိမ့်တွေဖြစ်မှာပါ။
သူတို့က ဇာတ်စနစ်ကိုပဲ ကျင့်သုကြတာဆိုတော့ ဇာတ်နိမ့်သူက ဇာတ်မြင့်သူများတွေကို ကြောက်ရပုံရပါတယ်။ ဘ၀ပြောပြောလေ တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းမှုတွေတော့ ရှိကြမှာပါ။ ပြီးတော့ ဗုဒ်ဓဂယာဆိုတာ ကျွန်တော်တို့ ကိုးကွယ်တဲ့ဗုဒ္ဒမြတ်စွာပွင့်တော်မူရာ ဒေသပါ။ ဖြူစင် သန့်ရှင်း မွန်မြတ်ပြီး ဗုဒ္ဒဘာသာဝင်တို့ မမေ့နိုင်လောက်အောင် လွမ်းမောဖွယ်ကောင်းတဲ့ နေရာလေးလို့လည်း ပြောလို့ရမှာပါ။ ဘုရားဖူးရာသီလို့ သတ်မှတ်ကြတဲ့ အောက်တိုဘာလမှ မတ်လအထိ ခြောက်လတိုင်တိုင် ဗုဒ္ဒဘာသာဝင်လူမျိုးတွေဟာ နိုင်ငံပေါင်းစုံမှနေပြီး ဒီနေရာလေးကို လာပြီး ဘုရားဖူးကြ၊ လေ့လာစရာရှိတာလေးတွေ လေ့လာကြ၊နဲ့ ဘုရားဖူးပြည်သူအချင်းချင်း ကုသိုလ်တွေဝေငှကြဖို့ ဆုံစည်းခွင့်ရကြတဲ့ အချိန်လေးပေါ့။
Wednesday, January 20, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment